အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့

“အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့”
“ကလေးဘဝဟာ ပျော်စရာတွေနဲ့ ပြည့်နေပြီး၊ ဆော့ကစားတယ်၊ အချိန်တန်ရင် ထမင်းစားပြီး အချိန်တန်ရင် အိပ်တယ်” ဆိုတဲ့ အဓိပ္ပါယ်ဖော်ညွှန်းမှုမျိုးက ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ၂၀၂၁-၂၀၂၄ကာလအတွင်းမှာ တဖြည်းဖြည်းမှိန်ဖျော့လာပါပြီ။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဟာ ကလေးဘဝကို အဓိပ္ပါယ်မဲ့စေခဲ့ပါတယ်။ ကောင်းကင်ပေါ်က လေယာဉ်ပျံကို တာ့တာ လှမ်းပြပြီး မီးခိုးတန်းကလေးကို စိတ်မှန်းနဲ့ လှမ်းတို့ထိတဲ့ကလေးအရေအတွက်ဟာ နည်းသထက် နည်းလာပါတယ်။ 💢
စစ်တမ်းတွေအရ ကြည့်ကြမယ်ဆိုရင်လည်း ဒီသုံးနှစ်တာကာလအတွင်း သေဆုံးခဲ့ရသူထဲမှာ ၁၁.၂ရာခိုင်နှုန်း (၉၃၀ ဦး) ဟာ ကလေးများပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့သိခဲ့တဲ့ ‘ကလေး’ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တစတစမှေးမှိန်သွားတယ်လို့ ပြောရင် မမှားပါဘူး။ ဒါ့အပြင် စစ်ဘေးဒဏ်ကို ခန္ဓာခွန်အား၊ စိတ်ခွန်အား အထိုက်အလျောက်ပြည့်ဝတဲ့လူကြီးများနည်းတူ ကလေးတွေဟာလည်း ခံစားရဆဲပါပဲ။ ပညာသင်ခွင့်နဲ့ တခြားသော အကာအကွယ်၊ လုံခြုံမှုတွေမဆိုထားနှင့်၊ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်တောင်မှ မရနိုင်ပါဘူး။
ထပ်တိုးအချက်အလက်တွေအနေနဲ့ ပြောရရင် လက်လှမ်းမှီတဲ့နေရာဒေသတွေမှာ ကောက်ယူထားတဲ့စစ်တမ်းတွေအရ ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်း (Gender-based Violence) ကို ကြုံတွေ့နေရသူ ကလေးဦးရေဟာလည်း ၁၀၀ကျော်သွားပါပြီ။ ဒါဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ ကိန်းဂဏန်းတစ်ခုဖြစ်တဲ့အပြင်၊ ကျွန်မတို့လက်မလှမ်းနိုင်တဲ့၊ မထိရောက်နိုင်တဲ့ နေရာဒေသတွေအထိပါ ပေါင်းလိုက်ရင် ဘယ်လောက်တောင်များပြားနေမလဲဆိုတာ မတွေးဝံ့စရာကောင်းလှပါတယ်။
ဒါကြောင့် ဒီဆောင်းပါးဟာ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ ကျရောက်တဲ့ ‘အပြည်ပြည်ဆိုင်ရာ ကလေးများနေ့’ ကို မှီတည်ပြီး ကလေးအခွင့်အရေးဆုံးရှုံးနေရဆဲဖြစ်တဲ့ ကလေးသူငယ်တွေရဲ့အသံကို ကိုယ်စားပြုပါတယ်။ ဒီကနေမှတဆင့် ကလေးတွေရဲ့ စိတ်လူမှုဘဝကို ဘယ်လိုပုံစံနဲ့ ထောက်ပံ့ကူညီနိုင်မလဲ၊ ကျွန်မတို့ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနကတဆင့် ဘယ်လိုအရင်းအမြစ်တွေကို ရရှိနိုင်မလဲဆိုတဲ့ အချက်ကိုပါ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။
ကလေးတွေရဲ့ စိတ်လူမှုဘဝကို ဘယ်လိုပုံစံနဲ့ ထောက်ပံ့ကူညီနိုင်မလဲ❔
Maslow ရဲ့ hierarchy of needs သရုပ်ဖော်မှုအရ လူသားအားလုံးဟာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နေထိုင်ဖို့နေရာ၊ အစားအသောက်၊ အဝတ်အထည် စတာတွေကို ရမှသာလျှင် နောက်ထပ်အဆင့်တွေဖြစ်တဲ့ နေ့စဉ်ဘဝလုံခြုံခြင်း၊ စိတ်လုံခြုံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတို့ကို ခံစားမျှဝေနိုင်ခြင်း၊ မိမိကိုယ်ကိုသိရှိခြင်း ဆိုတာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မှန်ကန်တဲ့ သတင်းအချက်အလက်ရဲ့အခန်းကဏ္ဍ၊ ချိတ်ဆက်နိုင်မှု၊ လုံလောက်တဲ့ စွမ်းအင်အရင်းအမြစ်တွေကို မှန်ကန်တိကျတဲ့နည်းလမ်းနဲ့ ဖြန့်ဝေပေးနိုင်မှုတို့ကလည်း အင်မတန်မှအရေးကြီးလှပါတယ်။
“ကလေးသူငယ်များရဲ့အကျိုးကို ရှေးရှု့ပြီး အခမဲ့ဝန်ဆောင်မှုများပေးနေတဲ့ အရင်းအမြစ်များ”
အခမဲ့စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ Tai Pin Phaw – တိုင်ပင်ဖော် ဟာဆိုရင် ၂၀၂၁ကတည်းက ရှိခဲ့ပြီး Client ပေါင်း ၁၀၀၀ကျော်အထိ ဝန်ဆောင်မှု ပေးထားပြီးပါပြီ။ တိုင်ပင်ဖော်မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ –
၁။ စိတ်ကျန်းမာရေးအခမဲ့ဝန်ဆောင်မှု (Mental Health Counseling)
၂။ လူငယ်စိတ်ကျန်းမာရေးအခမဲ့ဝန်ဆောင်မှု (Youth Counseling)
၃။ ကလေးသူငယ်နှင့် ဆယ်ကျော်သက်စိတ်ကျန်းမာရေးအခမဲ့ဝန်ဆောင်မှု (Child & Adolescent Counseling)
၄။ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများနှင့်ဆိုင်ရာ စိတ်ကျန်းမာရေးအခမဲ့ဝန်ဆောင်မှု (Gender-based Violence Counseling) တို့ပဲ ဖြစ်ပါတယ်။
ဥပဒေရေးရာကိစ္စရပ်များကို အခမဲ့ကူညီဆောင်ရွက်ပေးနေတဲ့ မျှတလမ်းညွှန်
Telegram Username: t.me/mtln2023
Email: mhyata@mowyca.nugmyanmar.org
ဒီအရင်းအမြစ်တွေဟာ ကျွန်မတို့ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန ရဲ့ လက်အောက်မှာရှိတဲ့ ဌာနအခွဲတွေဖြစ်ပါတယ်။ လိုအပ်တဲ့အထောက်အပံ့အကူအညီများအတွက် ဆက်သွယ်နိုင်ပါတယ်ရှင်။
ကလေးတွေအပါအဝင် စစ်မက်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် တခြားသောစိတ်ဖိစီးပင်ပန်းစရာများကို ကြုံတွေ့နေရသူတွေအတွက်လည်း ဒီအရင်းအမြစ်တွေဟာ အထောက်အကူတစုံတရာဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ မိဘပြည်သူများအားလုံးကိုလည်း ‘အပြည်ပြည်ဆိုင်ရာကလေးများနေ့’ ကို အရင်းတည်ပြီး ကလေးဖြစ်ခွင့်မရတဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် ဒီထက်ပိုပြီး ပုခုံးထမ်းတာဝန်တွေကို ဆောင်ရွက်ဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ရှင်။ 💝
H (Gender-based violence Counselor, Tai Pin Phaw)