ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း
ရည်ပြိုင်ပွဲအဖြစ် ကြားကာလ ပညာရေးကျောင်းပေါင်း(၂၀)
ကျော် ပါဝင်တဲ့ တိုက်နယ်အဆင့်(ကဗျာရွတ်၊စာစီစာကုံး၊
ကျပန်းစကားပြော) ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၁၈ )ရက်
နိုဝင်ဘာလ ၂၀ ရက်နေ့သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် လိုအပ်သလို၊ တစ်ကမ္ဘာလုံးမှာရှိသည့် ကလေးငယ်များအပါအဝင် အထူးသဖြင့် မြန်မာနိုင်ငံမှာရှိသည့် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးများကို လည်း အထူးအသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ပေးရမည့် အချိန်ကာလလည်းဖြစ်ပါသည်။
ယခုလိုအချိန်ကာလကြီးတွင် ကလေးငယ်များ ပညာတတ်မြောက်နိုင်စေဖို့ စာသင်ခန်းထဲရောက်ရှိစေရေးအတွက် မနည်းဆွဲခေါ်နေရသည့်အခြေအနေများကြောင့် ပြင်ပဗဟုသုတများနှင့် စွမ်းရည်များကို လေ့လာခွင့်၊ ထုတ်ဖော်ပြသခွင့် မရရှိခဲ့ကြပါ။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ( MOWYCA ) ၏လမ်းညွှန်ချက်နှင့်အညီ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲကို ကြားကာလ ပညာရေးကျောင်းပေါင်း(၂၀) ကျော် ပါဝင်သည့် တိုက်နယ်အဆင့်(ကဗျာရွတ်၊စာစီစာကုံး၊ကျပန်းစကားပြော) ပြိုင်ပွဲအဖြစ် တိုက်နယ်ပညာရေးတာဝန်ခံဆရာ၊ ဆရာမများနှင့်အတူ စီစဥ်ဆောင်ရွက်ပြီး အားလုံးရဲ့ပူးပေါင်းကူညီမှုနဲ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
ကလေးများ၏တိမ်မြုပ်နေသည့်စွမ်းရည်များကို ဆရာ၊ ဆရာမများ၏ ကြိုးစားသင်ကြားမှုစွမ်းရည်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ ထူးချွန်ထက်မြက်ကြသည့် အနာဂါတ်ကလေးငယ်လေးများအဖြစ် မြင်တွေ့ခဲ့ကြရသည့် အတွက်ဝမ်းသာပီတိဖြစ်ခဲ့ကြရပါသည်။ ထို့အပြင်နယ်မြေဒေသခံ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အဖွဲ့များမှလည်းကလေးငယ်များအား စိတ်ပျော်ရွှင်စေရေးအဖြစ် ဆင်အကဖြင့် လာရောက်ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။


