နှစ်သစ်ဆုတောင်း သဝဏ်လွှာ

မိဘပြည်သူများရှင်
ပြီးခဲ့သောနှစ်အတွင်း ကြုံတွေ့ခဲ့ရသောစိန်ခေါ်မှုများနှင့် အခက်အခဲများကို နှုတ်ဆက်ရင်း၊ ၂၀၂၄ နှစ်သစ်အတွက် အကောင်းဆုံးသော အရာများကို လက်ခံရရှိနိုင်ဖို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ရဲရင့်လှတဲ့ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ၊ အမျိုးသမီးများ၊ LGBTQ+ တစ်ဦးချင်းစီ နှင့် လူမျိုးစုအသီးသီး၏ မယိမ်းယိုင်သော စိတ်ဓာတ်နှင့် ကြံ့ခိုင်မှု စွမ်းအားတို့ကို ၂၀၂၃ ခုနှစ်တစ်လျှောက် မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ ဒုက္ခများရင်ဆိုင်ရစဉ်တွင် ပြည်သူတို့၏ တရားမျှတမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီအတွက် ကြံ့ခိုင်မှုခွန်အား နှင့် စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပါသည်။
ယခုနှစ်သစ်တွင်လည်း ထိုကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တော်လှန်မီးတောက်ကို ဆက်လက်သယ်ယူရန် သာမက ပိုမိုတောက်ပသောအနာဂတ်ကို မျှော်ကြည့်ရင်း၊ တန်းတူညီမျှမှုနှင့် လူတိုင်းပါဝင်နိုင်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ်ကို အတူတကွ တည်ဆောက်နိုင်ရန် မျှော်မှန်းရမည် ဖြစ်သည်။ လူတစ်ဦးချင်းစီအတွက် ၎င်းတို့၏ ကျား၊မ၊ လိင်စိတ်ခံယူမှု သို့မဟုတ် လူမျိုးဘာသာ၊ အသားအရောင်နှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းမှု တို့အပေါ် ခွဲခြားခြင်းမရှိပဲ တိုင်းပြည်တိုးတက်ရေး အတွက် ရည်မျှော်သည့် လူ့အဖွဲ့အစည်းအား တည်ထောင်ရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။
ထို့အတူ စစ်အာဏာရှင်ဖြုတ်ချရေး နှင့်အတူ ၎င်းတို့၏ စရိုက်လက္ခဏာများဖြစ်သော အကျင့်ပျက်ခြစားမှု၊ ခွဲခြားဆက်ဆံမှု၊ အဂတိလိုက်စားမှု၊ ကြီးနိုင်ငယ်ညှင်းမှု တို့ကိုပါ ဖြိုခွင်းရင်း အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သော အသိုင်းအဝိုင်းအား တည်ဆောက်ပေးမည်ဟူသော ယုံကြည်ချက်ဖြင့် ရှေ့ဆက်ကြရမည်ဖြစ်သည်။ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးတစ်လျှောက်တွင် မတူကွဲပြားမှုများကို လက်ခံယုံကြည်ကာ နိုင်ငံသားအားလုံး၏ အခွင့်အရေးများကို ကာကွယ်ပြီး ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်သော နိုင်ငံကို အတူတကွ တည်ဆောက်ရမည်ဖြစ်သည်။
ဤနှစ်သစ်အခါသမယမှ စတင်ကာ နိုင်ငံသားတိုင်း အကြောက်တရား၊ ခွဲခြားဆက်ဆံမှု (သို့မဟုတ်) ဖိနှိပ်မှုမရှိဘဲ နေထိုင်နိုင်သည့် တောက်ပသောအနာဂတ်နိုင်ငံတော် တည်ဆောက်ရန် အတူတကွ ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရင်း တော်လှန်နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။
“အရေးတော်ပုံမုချအောင်ရမည်”
ဒေါ်အိသဉ္ဇာမောင်
ဒုတိယဝန်ကြီး
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
၁ ဒီဇင်ဘာ ၂၀၂၄