“
တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ မိန့်ခွန်းပြောကြားခြင်း
တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ မိန့်ခွန်းပြောကြားခြင်း၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ( ၅ )ရက်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ( ၄ )ရက်နေ့တွင် ကျရောက်တဲ့ ကျမတို့ဝန်ကြီးဌာနရဲ့ တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားမှာ တော်လှန်ရေး ကာလအတွင်း၊ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျမ်းမာရေး အတွက် တစိုက်မတ်မတ်ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာ၊ ဆရာမ များကို ဂုဏ်ပြုခွင့်ရတဲ့အတွက် အင်မတန် ဝမ်းသာမိပါတယ်။
ဒီကာလဟာလဲ ၁၆ ရက်တာ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု(နိုဝင်ဘာ ၂၅ ရက် – အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး နေ့ မှ ဒီဇင်ဘာ ၁၀ ရက် – လူ့အခွင့်အရေးနေ့အထိ) နှင့် တိုက်ဆိုင်စွာကျရောက်နေပါတယ်။ အမျိုးသမီးအခွင့်အရေးအတွက် ပိတ်ဆို့တားဆီးနေတာတွေကို ဖယ်ရှားတဲ့လှုပ်ရှားမှုတွေကို အစုအဖွဲ့အသီးသီးက ညီညွတ်စွာနဲ့ပူးပေါင်းလုပ်ဆောင် ကြတဲ့အချိန်လဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့အရေးကြီးတဲ့လုပ်ငန်းစဉ် လဲပါပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာနွေဦးတော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီး နဲ့မိန်းကလေးငယ် များကို မုဒိန်းမှုကျူးလွန်ခဲ့တာအမှုပေါင်း (၁၅၀) ကျော်ခဲ့ပြီဖြစ်တယ်။ ကျမတို့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဟာမုဒိန်းမှုကျူးလွန်ခံခဲ့ရပြီး ရှင်ကျန်ကျန်ရစ်သူများအတွက် ပြန်လည်ကုစားရေးကို ကူညီမှုပေးတဲ့အခါမှာ တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုဟာအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ်ပါဝင်နေပါတယ်။ ကိုယ်ခန္ဓာထိခိုက်ဒါဏ်ရာရရင် ကုသလို့ရပေမယ့် မျက်မြင်မတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုကိုတော့ကုသရတာ အင်မတန်မှခက်ခဲ ပါတယ်။ ကာယကံရှင်မဆိုထားနဲ့ အမှုကိစ္စကို နားထောင်ဆောင်ရွက်ပေးတဲ့လူတွေမှာတောင် စိတ်ဒဏ်ရာတွေ ရရှိခဲ့တယ်ဆိုတာကိုယ်တွေ့ပါဘဲ၊ ဒါကြောင့်ကို တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့ ကဏ္ဍဟာ အလွန်အရေးကြီးကြောင်းပြောကြားလိုပါတယ်။
တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုကိုအမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ် ရေးရာ ဝန်ကြီးဌာနရဲ့ လက်အောက်ရှိ အစီအစဉ်တစ်ရပ်အဖြစ် စတင်ဖို့ စီစဉ်ခဲ့စဉ်တုန်းက စစ်တပ်ရဲ့ ပြည်သူတွေနဲ့ ပြည်သူတွေ အပေါ်ထားတဲ့ တော်လှန်ရေး အစုအဖွဲ့တွေရဲ့ ဝန်ဆောင်မှုတွေကို အကြမ်းဖက် ဖြိုခွဲမှုတွေ၊ အင်တာနက် နဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုတွေ၊ CDM ဝန်ထမ်းတွေ ကိုဖမ်းဆီးမှုတွေကြောင့် အခက်အခဲများစွာနဲ့ ဒီ ဝန်ဆောင်မှုကို ကောင်းမွန်စွာလည်ပတ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ၃ နှစ်တိုင် ညီညွတ်စွာ တက်လှမ်း နိုင်နေတာကို တွေ့ရတဲ့ အတွက် အင်မတန် ဝမ်းသာပါတယ်။
ဒီ ၃ နှစ် အတွင်းမှာလည်း တိုင်ပင်ဖော် က ကလေးသူငယ် အမူအကျင့်နဲ့ ဆယ်ကျော်သက် ကလေးများနဲ့ မိဘအုပ်ထိန်းသူများအတွက် တိုင်ပင်ဆွေးနွေးခြင်း အစီအစဉ်တွေ၊ လူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းအတွက် အစီအစဉ်တွေ၊ လိင်အခြေပြု အကြမ်းဖက်ခံရခြင်းမှ လွတ်မြောက်လာသူများအတွက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းတွေ အပြင် ဂီတကုထုံး နဲ့ psychiatrist referral အစီအစဉ်တွေ၊ ပဋိပက္ခဒေသက ကျန်းမာရေးဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်း သင်တန်းတွေပေးနိုင်တဲ့အထိ လှုပ်ရှားပြီး ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ဆောင်ရွက်နိုင်တဲ့ အတွက် တိုင်ပင်ဖော်က ဆရာ ဆရာမ များအတွက် အင်မတန် ဂုဏ်ယူရပါတယ်။
ဒါ့အပြင် တိုင်ပင်ဖော်ကို ထူးခြားစေတဲ့အချက်မှာ၊ ဒီ စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအတွက် ပါဝင်ကြ သူများအားလုံးက စေတနာ့ဝန်ထမ်းများနေတာလည်း ဖြစ်ပါတယ်။ ဒီ လူတွေအားလုံက သူတို့ကိုယ်တိုင် သက်ဆိုင်ရာ အခက်အခဲများမဲ့ ရင်ဆိုင်နေရင်းသည့်တိုင်အောင် အခြားပြည်သူတွေကို ကူညီနိုင်ဖို့ ဆောင်ရွက်နေတာတွေ့ရတဲ့ မွန်မြတ်တဲ့ စိတ်အတွက် ဂုဏ်ယူရပါတယ်။
နောက်ဆုံးတွင်အနေနဲ့ ပြောလိုတာကတော့ တိုင်ပင်ဖော် စိတ်ကျန်းမာရေး ဝန်ဆောင်မှုရဲ့ ၃ နှစ်တာ ဝန်ဆောင်မှုများအတွက် ဆောင်ရွက်သူ ရုံးအဖွဲ့ဝင်၊ counsellor များ၊ psychiatrist များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆရာ ဆရာမတို့ရဲ့ ကိုယ်ကျိုးမဖက်အားထုန်လုပ်ဆောင်မှုတွေဟာ တော်လှန်ရေးကာလအတွင်းရော တော်လှန်ရေးအလွန် ကာလအတွင်း ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးပါနေမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်…
