ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်

ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်
၂၀၂၄ခု နှစ်၊ နိုဝင်ဘာလ ( ၂၈ )ရက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁ ။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို နိုင်ငံတော်အစိုးရများအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသောအဖွဲ့များက နှစ်စဉ်ကျင်းပကြသည်။
၂ ။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ညွှန်ပြသည့်အနေဖြင့် ၁၉၉၁ ခုနှစ်တွင် ကျင်းပခဲ့သည့် “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဦးဆောင်မှုအခမ်းအနား” တွင် တက်ကြွလှုပ်ရှားသူများမှစတင်ကာ နိုဝင်ဘာ ၂၅ရက်နေ့ (အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့) မှ ဒီဇင်ဘာ ၁၀ ရက်နေ့ (ကမ္ဘာ့လူ့အခွင့်အရေးနေ့) ထိ ၁၆ ရက်တာလှုပ်ရှားမှုကို နှစ်စဉ် ကျင်းပကြသည်။ ၁၆ ရက်တာလှုပ်ရှားမှုနေ့ကို ဖဲကြိုးဖြူနေ့ဟုလည်း ခေါ်ကြသည်။အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း ကာကွယ်တားဆီးပါမည်ဟု ကတိကဝတ်ပြုခြင်း၊ ခံဝန်ကတိ နှင့်အတူ ဖဲကြိုးဖြူကိုတပ်ဆင်ကြပါသည်။
၃ ။ ယခုနှစ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ဆောင်ပုဒ်မှာ Towards Beijing+30: UNITE to End Violence Against Women & Girls ” အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့တို့များအတူပူးပေါင်းစို့” ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်သည် အမျိုးသမီးနှင့် မိန်းကလေးငယ်များကို မည်သူမဆို၊ မည်သည့်နည်းဖြင့်မဆို လိင်အကြမ်းဖက်မှုများ အဆုံးသတ်ကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီနှင့်တကွ အမျိုးသမီးအဖွဲ့အစည်းများ အပါအဝင် အပဖွဲ့အစည်း အားလုံး အတူတကွ ပူးပေါင်းတိုက်ဖျက်ကြရန်ဖြစ်ပါသည်။
၄ ။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ၂၀၂၃ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း (Gender Equality Position Papee)ကို အတည်ပြုခဲ့ပြီး ၂၀၂၄ခု နှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗြူဟာမူဘောင် (Women, Peace and Security Strategic Framework) ကိုအတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်းအပေါ် အခြေခံ၍ ၂၀၂၄ခု နှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျဲန်ဒါမူဝါဒကို ရေးဆွဲ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါသည်။
၅ ။ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှု တစ်ရပ်ဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်၏ အကြမ်းဖက်မှုများကို တိုက်ဖျက်နေသည့် နည်းတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုကိုလည်း တစ်ပြိုင်တည်း တိုက်ဖျက်သွားရမည်ဖြစ်သည်။
၆ ။ ထုတ်ပြန်ခဲ့ပြီးသော ဂျဲန်ဒါမူဝါဒ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမူဘောင်တို့တွင် ပါဝင်သော အကောင်အထည်ဖော်ရမည့် ဂျဲန်ဒါဘတ်ဂျက်၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှုကာကွယ်တားဆီးရေးအစီအမံများ၊ အရေးပေါ် အစီအမံများ၊ ဥပဒေအထောက်အကူပြုခြင်းနှင့် ကျန်းမာရေး၊ စိတ်လူမှုအထောက်အကူ ပြုခြင်းများကို ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရန်လည်းလိုအပ်ပါသည်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်လျက်ရှိသည့်အတွက် ပါဝင်ပတ်သက်သူများမှ နိုင်ငံရေးစိတ်ဆန္ဒ ပြည့်ဝစွာဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းအပ်ပါသည်။