မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ၏မြေပြင်ကွင်းဆင်းမှုသတင်းထုတ်ပြန်ချက်
ရက်စွဲ – ဩဂုတ်လ (၃) ရက်နေ့၊ ၂၀၂၄ခုနှစ်
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် ၂၀၂၄ ခုနှစ်၊ ဇွန်နှင့် ဇူလိုင်လ အတွင်း အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ နှင့် ကလေးသူငယ်များအားတွေ့ဆုံရန်အတွက် ရပ်ရွာပြည်သူများဆီသို့ ခရီးပြုခဲ့ပါသည်။
ဝန်ကြီး၏ခရီးစဉ်အတွင်း အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ နှင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ ကလေးများအတွက် အာဟာရကျွေးမွေးခြင်း၊ ရပ်ရွာလူထူများနှင့် တွေ့ဆုံပွဲများပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲများတွင် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းစဉ်များ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ရည်ရွယ်ချက်နှင့်မူဝါဒများ၊ ဒီမိုကရေစီ စကားဝိုင်း၊ အမျိုးသမီးနှင့်နိုင်ငံရေး၊ ဖက်ဒရယ် နှင့်လူငယ် စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ ဝန်ကြီးဌာန၏ ပန်းဖလက်များ၊ စာစောင်များ၊ ၁၆ ရက်တာလှုပ်ရှားမှု မှတ်တမ်းစာအုပ်များကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။
ထို့အပြင် ဒါဏ်ရာရ လူငယ်ရဲဘော်များအားတွေ့ဆုံ၍စိတ်ခွန်အားပေးခြင်း၊ ၎င်းတို့ လိုအပ်ချက်များကို နားထောင် အကြံပေး ဆောင်ရွက်ပေးခြင်းတို့ကိုလည်းပြုလုပ်ခဲ့ပါသည်။
နောင်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ကိုမျှော်ရည်၍ ပုံဖော်ထုဆစ်မည့် အနာဂါတ်ခေါင်းဆောင်များ နှင့် ရင်းနှီး စွာတွေ့ဆုံရ ခြင်းကိုဂုဏ်ယူဝမ်းမြောက်ပါကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်အပ်ပါသည်။
လူထုဆက်သွယ်ရေးနှင့် မီဒီယာအဖွဲ့
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန

