အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၁၅/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက ဝန်ကြီးဌာနအနေဖြင့် (က) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်၊ (ခ) ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် (ဂ) ၎င်းတို့၏ ဖက်ဒရယ်တည်ဆောက်ရေး ပါဝင်မှုကို မြှင့်တင်ရန် ဆိုသည့် ရည်ရွယ်ချက် (၃) ရပ်အား ချမှတ်၍ ဌာနကြီး (၅) ခု ဖွဲ့စည်းထားရှိကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီက မတရားဖမ်းဆီးထားသော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအား ဥပဒေအရ အကာအကွယ်ပေးခြင်းဆိုင်ရာ ကူညီပေးမှုများ၊ အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလမ်းညွှန်များအတွက် စည်းရုံးလှုံ့ဆော်ခြင်းများနှင့် ပဋိပက္ခအတွင်း၊ တော်လှန်ရေးကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့်အမှုများ ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်းများအား အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြေပြင်သပိတ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးကြရသော (၂) နှစ်အောက် နို့တိုက်မိခင်များအပါအဝင် အမျိုးသမီးများအား မီးဖွားစရိတ်၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ခြင်း၊ လိင်အကြမ်းဖက်ခံရသူများအတွက် ငွေကြေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်းလုပ်ငန်းတွင် “တိုင်ပင်ဖော်” Counselling Programme အား ကျွမ်းကျင်သူဆရာ၊ ဆရာမများနှင့် စေတနာ့ဝန်ထမ်းများဖြင့် အကောင်အထည်ဖော်လျက်ရှိသည်သာမက ဌာနအသီးသီး၏ ကူညီထောက်ပံ့ရေးကဏ္ဍများတွင်လည်း သက်မွေးပညာရပ်များ သင်ကြားမျှဝေပေးခြင်း၊ ငလျင်ဘေးအန္တရာယ်အတွင်း ကလေးများအတွက် ကာကွယ်ရေး လမ်းညွှန်ရေးဆွဲခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အခြေအနေများကို တင်ပြခဲ့သည်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ဥပဒေရေးရာဆိုင်ရာ အကူအညီများပေးနိုင်ရန် “မျှတလမ်းညွှန်” Telegram Channel အား ကျွမ်းကျင်သူရှေ့နေများနှင့် စေတနာ့ဝန်ထမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ စဥ်ဆက်မပြတ် လေ့လာသင်ကြားခြင်း အစီအစဥ် (Continuous Learning) အား သက်ဆိုင်ရာဝန်ကြီးဌာနများအပါအဝင် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှုအခြေအနေများ၊ ကဏ္ဍအသီးသီးအတွက် ကျပ်သန်းပေါင်း (၂၇၇၃.၄) သန်း ထောက်ပံ့ငွေ သုံးစွဲခဲ့သည့်အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီး၊ လူငယ်နှင့်
ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

